WELCOME

Thursday, October 20, 2011

ပုံရိပ်များကို ထိတွေ့ကိုင်တွယ်နိုင်မည့် ပထမဆုံး 3D TV စမ်းသပ်တီထွင်

“စနစ်ဟာ အသုံးပြုသူရဲ့ အလေ့အထကို သိရှိသဘောပေါက်ပြီး နည်းပညာနဲ့ တုံ့ပြန်မှုပေးပါတယ်။ ပုံရိပ်တွေကို အာရုံခံ နည်းပညာအရ သင့်တော်တဲ့ ပုံစံမျိုး ရွေ့လျားအောင် တွန်းအားပေးထားပါတယ်”


ဂျပန်နိုင်ငံမှ သုတေသန ပညာရှင်များသည် ထုတ်လွှင့်ပြသနေသည့် ပုံရိပ်များကို ထိကိုင်ခံစားခွင့် ရရှိနိုင်မည့် ပထမဆုံး 3D TV တစ်မျိုးအား စမ်းသပ်တီထွင်နေကြောင်း သိရသည်။ နည်းပညာသစ်ဖြင့် ဖန်တီးထားသည့် TV စနစ်အရ ရွေ့လျားနေသော ပေါလောမြောနေသည့် ပုံရိပ်များကို ကြည့်ရှုသူများက ထိတွေ့ခြင်း၊ ဖိညှစ်ခြင်းနှင့် ဆွဲဆန့်ခြင်းများ ပြုလုပ်နိုင်မည်ဟုဆိုသည်။

Monitor-detectorကင်မရာ (၆)ခုတို့က TVကြည့်သူ၏ လက်လှုပ်ရှားမှုကို ထောက်လှမ်းသိရှိပြီး လက်များက ပုံရိပ်ကို ထိသည့်အခါ လိုက်လျောညီထွေ တုံ့ပြန်ရန် လှုံ့ဆော်ပေးမည်ဖြစ်သည်။ ဂျပန်နိုင်ငံ အမျိုးသား အဆင့်မြင့် စက်မှုနည်းပညာ သိပ္ပံနှင့် နည်းပညာဌာန (AIST)က i3Spaceဟု အမည်ပေးထားသည့် ယင်းTVစနစ်အား အကောင်အထည်ဖော်ခဲ့ခြင်းဟု သိရသည်။ ဌာနမှ တာဝန်ရှိသူ တစ်ဦးက “စနစ်ဟာ အသုံးပြုသူရဲ့ အလေ့အထကို သိရှိသဘောပေါက်ပြီး နည်းပညာနဲ့ တုံ့ပြန်မှုပေးပါတယ်။ ပုံရိပ်တွေကို အာရုံခံ နည်းပညာအရ သင့်တော်တဲ့ ပုံစံမျိုး ရွေ့လျားအောင် တွန်းအားပေးထားပါတယ်”ဟု ရှင်းလင်းပြောကြားသွားသည်။




ပြီးခဲ့သည့် သီတင်းပါတ်က သရုပ်ပြမှုအရ ကမ္ဘာလုံးပုံ 3Dပုံရိပ်အား ခပ်ပျော့ပျော့ ရော်ဘာဘောလုံးသဖွယ် ညှစ်ပြခြင်း၊ Screenနှင့် ကန့်လန့်ဖြတ် ကျယ်ဝန်းအောင် ဆွဲဆန့်ပြခြင်းများ ပြုလုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ သုတေသီများက i3Spaceသည် ခွဲစိတ်ဆရာဝန်များ လက်တွေ့မခွဲစိတ်မီ လေ့ကျင့်မှုများ ပြုလုပ်ရာတွင် လက်တွေ့ဂိမ်းတစ်ခုသဖွယ် အသုံးဝင်မည်ဟု မျှော်လင့်ထားသည်။ တစ်နေ့နေ့တွင်မူ ယင်းTVသည် Star Trekရုပ်ရှင်များမှ Holodeckပုံစံ Reality TVတစ်မျိုး ဖြစ်လာမည်ဟုလည်း ပညာရှင်များက ယုံကြည်လျက်ရှိသည်။ AISTသည် စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဂျပန်၏ အကြီးမားဆုံး Game Developingညီလာခံဖြစ်သော CEDEC 2010တွင်လည်း ယင်းနည်းပညာနှင့် ပတ်သက်ပြီး Presentation ပြုလုပ်သွားမည်ဟု သိရှိရသည်။

No comments: