WELCOME

Friday, September 23, 2011

မိုနာလီဇာဆိုတာ မိန်းမမဟုတ်ပါဘူးတဲ့.....

ရှေးဟောင်းအနုပညာကို လေ့လာနေတဲ့ အီတလီလူမျိုးတွေက ကမ္ဘာကျော်မိုနာလီဇာပန်းချီကားကို လေ့လာစူးစမ်းမှုတွေထပ်လုပ်ပြီး မိုနာလီဇာပန်းချီကားကို မော်ဒယ်လ်ထိုင်ပေးတဲ့ သူက အမျိုးသမီးမဟုတ်ဘဲ အမျိုးသားတစ်ယောက်မှန်း လေ့လာတွေ့ရှိကြပြန်ပါတယ်။

အီတလီအမျိုးသားရှေးဟောင်းယဉ်ကျေးမှုကော်မတီက ဥက္ကဋ္ဌ Silvano Vincetiက (အီတလီနိုင်ငံ) ဖလောရင့်မြို့ဖွား (ထိုခေတ်က နိုင်ငံရယ်လို့ သီးသန့်မခေါ်ဘဲ မြို့သားလို့ပဲ ခေါ်တတ်ကြပါတယ်)၊ လီယိုနာဒိုရဲ့ တပည့်ဒါမှမဟုတ် ချစ်သူလို့လည်း ပြောလို့ရတဲ့ Salaiဆလိုင်းရဲ့ ပုံတူလို့ပြောလိုက်ပါတယ်။ ဆလိုင်းကတော့ မီလန်မြို့သားပါ။ ဒါပေမယ့် သူ့ရဲ့တွေ့ရှိချက်ကို ယခုလက်ရှိ မိုနာလီဇာပန်းချီကားကို ပြသနေတဲ့ လုဗ်ပြတိုက်က ပညာရှင်တွေက မဖြစ်နိုင်ပါဘူးလို့ ချက်ချင်းပဲ ငြင်းဆိုလိုက်ပါတယ်။ (လုဗ်ပြတိုက်က ကမ္ဘာကျော်ပြတိုက်တစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ တည်ရှိပါတယ်။ လုဗ်ပြတိုက်က ၁၂ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ လုဗ်နန်းတော်ထဲမှာ တည်ရှိပါတယ်။ ၁၆၉၂ခုနှစ်မှာ လူးဝစ်ဘုရင်၁၄က နန်းတော်ကနေပြတိုက်အဖြစ်ပြောင်းခဲ့ပါတယ်၊ နှစ်ပေါင်းသုံးရာကျော် ရှေးဟောင်းလက်ရာတွေ စုဆောင်းလာတဲ့ လုဗ်ပြတိုက်မှာ တစ်နှစ်လုံးနေတာတောင် လေ့လာစရာတွေ မကုန်နိုင်ပါဘူးတဲ့။ သူတို့စုဆောင်းထားတဲ့ လက်ရာတွေမှာ မိုနာလီဇာပန်းချီကားလည်း ပါဝင်ပါတယ်)

ဆလိုင်းဆိုတဲ့ အဓိပ္ပါယ်က မကောင်းဆိုးရွားလေးတဲ့။ ဆလိုင်းရဲ့ တကယ့်နာမည်က Gian Giacomo Caprotti ပါ။ ဒါပေမယ့် သူ့ကို ဆလိုင်းလို့ပဲ ခေါ်တာများပါတယ်။ အဲဒီပန်းချီပညာရှင်လေးက လီယိုနာဒိုဆီမှာ ၂၅နှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။ ၁၄၉၀ခုနှစ်လောက်မှာ ၁၀နှစ်သားလောက်ပဲ ရှိသေးတဲ့ ဆလိုင်းက လီယိုနာဒိုအိမ်မှာ ပညာသင်အနေနဲ့ရောက်လာခဲ့ပါတယ်။

လီယိုနာဒိုရဲ့ မှတ်စုထဲမှာ ပညာသင်တပည့်တွေရဲ့ အမည်တွေရှိပေမယ့် တစ်ခုနဲ့တစ်ခု ဆက်စပ်မှု မရခဲ့ပါဘူး။ သူတို့တွေရဲ့ အနုပညာလက်ရာတွေ မပါခဲ့သလို လီယိုနာဒိုရဲ့ ချီးမွမ်းမှုတွေလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေထဲမှာ ဆလိုင်းတစ်ယောက်ပဲ ထင်ထင်ရှားရှားကျန်ခဲ့ပါတယ်။ ဆလိုင်းက လီယိုနာဒိုအကြိုက် အလွန်မှပင်ချောမောလှပတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အလှတွေမှာ ခွေခွေလိမ်လိမ်နဲ့ ပုခုံးပေါ်ကို ၀ဲကျနေတဲ့  ဆံနွယ်လေးတွေကြောင့်လည်းပါပါတယ်။ ဒါပေမယ့်ဆလိုင်းက အကျင့်စာရိတ္တအနေနဲ့ ခပ်ကောင်းကောင်းလူစားမျိုးမဟုတ်ပါဘူး။ ခိုးတတ်ဝှက်တတ် လိမ်တတ်ညာတတ်ပါတယ်။ သူလုပ်သမျှ ပြဿနာတွေကို လီယိုနာဒိုကပဲ ဖြေရှင်းတတ်ရပြီး ထောင်ထဲကနေ မကြာခဏဆွဲဆွဲထုတ်ခဲ့ရပါတယ်။ ဒီလိုအကျည်းတန်တဲ့ အကျင့်တွေရှိပေမယ့် ဆလိုင်းက လီယိုနာဒိုရဲ့ ပန်းချီကားတွေအတွက် မော်ဒယ်လ်ကောင်းကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပန်းချီကားထဲက ဆလိုင်းရဲ့ မျက်နှာအပြင်က သူ့ရဲ့အကျည်းတန်တဲ့စာရိတ္တတွေကို မြူတမှုန်မျှပင် မြင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဘယ်လိုပဲ စရိုက်ဆိုးဆိုး လီယိုနာဒိုက ဆလိုင်းကို ပစ်မထားခဲ့ပါဘူး။ နောက်ဆုံးသူသေဆုံးတဲ့အထိ ဆလိုင်းက လီယိုနာဒို့ဘေးနားမှာပဲ ရှိခဲ့ပါတယ်။ လီယိုနာဒိုသေဆုံးတဲ့အခါ သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ဆလိုင်းကို ပေးခဲ့ရုံသာမကဘူး။ မိုနာလီဇာပန်းချီကားကိုပါ ဆလိုင်း ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ၁၅၂၃မှာတော့ သေနတ်ဒဏ်ရာနဲ့ ဆလိုင်းတစ်ယောက်သေဆုံးခဲ့ပါတယ်။

Vincenti က လီယိုနာဒိုရဲ့ ပန်းချီကားတွေထဲက မျက်နှာပြင် ခံစားချက်တွေက ဆလိုင်းရဲ့ မျက်နှာအကျတွေနဲ့တူပါတယ်တဲ့။ အထူးသဖြင့် လီယိုနာဒိုရေးဆွဲခဲ့တဲ့ ခရစ်ယာန်ဘာသာရေးပုံတွေထဲက သူတော်စင် စိန့်ဂျွန်ရဲ့ပုံနှင့် နတ်သား (The angel incarnate) ပုံနှစ်ခုဟာဆိုလျင် မိုနာလီဇာရဲ့ နှုတ်ခမ်းနဲ့ နှာခေါင်းတို့နဲ့အတော့်ကိုတူပါတယ်။ အဲဒီပန်းချီကားတွေနဲ့ မိုနာလီဇာပန်းချီကားက အတော့်ကို ထင်ရှားတဲ့ တူညီမှုတွေ ရှိနေပါတယ်လို့ Vincenti က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဒီထက်ပိုပြီးထူးခြားထက်အချက်ကတော့ မိုနာလီဇာရဲ့ မျက်လုံးနှစ်ဖက်မှာ ၀ှက်ပြီးရေးဆွဲခဲ့တဲ့ S နဲ့ L အက္ခရာနှစ်ခုစီပါပဲ။ လီယိုနာဒိုက Symbolတွေသုံးရတာကို သဘောကျသူဖြစ်ပြီး သူက မိုနာလီဇာဘယ်သူလဲဆိုတာကို အဲဒီမျက်လုံးထဲမှာ မြှပ်ပြီးဖော်ပြခဲ့ပါတယ်။ လီယိုနာဒိုက မျက်လုံးဆိုတာ စိတ်ရဲ့ခံစားမှု ပြတင်းပေါက်တစ်ခုဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးကူးလူးဆက်ဆံတဲ့ Communication Tool လို့လည်း ယုံကြည်ပါတယ်။ မျက်လုံးထဲက အက္ခရာတွေက သာမန်မျက်လုံးနဲ့ဆို မမြင်ရပါဘူး။ စိမ်းညိုရောင်အပေါ်မှာ အနက်ရောင်နဲ့ရေးခြယ်ထားတဲ့ LVဆိုတာက သူမရဲ့ ညာဘက်မျက်လုံးအိမ်ထဲမှာ ရှိပါတယ်။ အဲဒီ LVက လီယိုနာဒိုအမြဲတမ်းသုံးလေ့ရှိတဲ့ သူရဲ့အတိုကောက်စာလုံးပါ။ ဒါပေမယ့် ဘယ်ဘက်မျက်လုံးအိမ်ထဲမှာ ရှိတဲ့ စာလုံးက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ S for Salai, L for Leonado လို့ သတ်မှတ်ခဲ့ပါတယ်။ လုဗ်ပြတိုက်ကတော့ ဒါဟာ လီယိုနာဒို ရေးဆွဲခဲ့တဲ့ အက္ခရာတွေ မဖြစ်နိုင်ဘူး၊ နှစ်ကာလကြာလာတော့ ဆေးတွေမှာ အက်ကြောင်းထင်ပြီး ပေါ်ပေါက်လာတဲ့ အက်ရာတွေပဲလို့ ပြောလိုက်ပါတယ်။ နောက်ပြီး Vincenti အနေနဲ့ ပန်းချီကားကို ကိုယ်တိုင်ကိုယ်ကျလေ့လာမှုမရှိဘဲ ပြောချင်းသာဖြစ်ပါတယ်လို့လည်း ပြတိုက်တာဝန်ရှိသူတွေက ပြောပါသေးတယ်။ နောက်ပြီး ပြတိုက်က ဒစ်ဂျီတယ်နည်းပညာနဲ့ အကြိမ်ကြိမ်စစ်ဆေးခဲ့ပေမယ့် ဘာစာလုံးမှ တွေ့ခဲ့ချင်းမရှိပါဘူးလို့ ထပ်ပြောလိုက်ပြန်ပါသေးတယ်။ ဒါပေမယ့် ပညာရှင်တွေရော သာမန်လူတွေရောကပါ မိုနာလီဇာဆိုတာ ဆလိုင်းဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပေးခဲ့တာ ဒစ်ဂျစ်တယ်နည်းပညာတွေ မပေါ်ခင်ကတည်းကပါ။

ဘာပဲပြောပြော Vincentiကတော့ သူ့ရဲ့သီအိုရီမှန်မှန် ဆုံးဖြတ်ဖို့ ပြင်သစ်နိုင်ငံက တာဝန်ရှိသူတွေနဲ့လက်တွဲပြီး ဆက်လေ့လာဖို့ ကြိုးစားနေပါတယ်။ Vincenti အဖွဲ့အနေနဲ့ ပဲရစ်ကိုသွားပြီး ပန်းချီကားမှာရှိတဲ့ အက္ခရာနံပါတ်နားက ဆေးကိုအနည်းငယ်ယူပြီး၊ ပန်းချီကားဆွဲစဉ်ကတည်းက ရှိတာလား၊ နောက်လူတွေက ထပ်ဖြည့်ထားတာလားဆိုတာကို ထိုဆေးစက်တွေကို ဓါတ်ခွဲခန်းမှာ လေ့လာကြည့်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောပါတယ်။ တကယ်လို့သာ လုဗ်ပြတိုက်ကသူရဲ့ လေ့လာခွင့် လျောက်ထားချက်ကို ခွင့်ပြုခဲ့မယ်ဆိုရင်တော့ ပန်းချီကားထဲက အမျိုးသမီးဘယ်သူဖြစ်နိုင်မလဲဆိုတာ အဖြေပေါ်တော့မယ်လို့ ထင်ပါတယ်။

 ဆလိုင်းကိုယ်ဟန်ပြသရုပ်ဆောင်ထားသော ခရစ်ယာန်သူတော်စင် စိန့်ဂျွန်ရဲ့ ပုံ၊ ၁၅၁၄ခုနှစ်မှာ လီယိုနာဒိုရေးဆွဲခဲ့သည်။

စိန့်ဂျွန်ပုံနှင့်ဆက်စပ်မှုရှိနိုင်သော ဆလိုင်း၏ပုံ(Angel Incarnate လို့အမည်တွင်ပါတယ်) လီယိုနာဒိုရဲ့ ပုံဆွဲမှတ်စုစာအုပ်မှာ ရှိပြီး ပုံရဲ့ နောက်ကျောမှာ ဆလိုင်းနာမည်ပါရှိပါတယ်။


 ဆလိုင်းရဲ့ ပုံတူပန်းချီကား။ ရေးဆွဲသူနာမည်မသိပါဘူး။ တချို့ကလည်း လီယိုနာဒိုလို့ ယူဆကြပါတယ်။


 


http://www.itsjustlife.com မှ နှိုင်းယှဉ်ချက် ပုံများ

ဘယ်အချိန်ပဲသွားကြည့်ကြည့် လုဗ်ပြတိုက်မှာ မိုနာလီဇာပန်းချီကားကို ကြည့်ဖို့ အခုလိုလူတွေအုံခဲနေတတ်ကြပါတယ်။(Picture from wikimedia)

ပို့စ်ကို Yahoo News မှ မှီငြမ်းပြီး ရေးပါသည်။ အထက်ပါအချက်အလက်များ မှားယွင်းပါက စာရေးသူ၏ လိုအပ်ချက်သာဖြစ်ပါသည်။

No comments: